(ဆစ်ဒနီ၊ စက်တင်ဘာ ၁၃၊ ၂၀၂၂) - ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ် အာဏာသိမ်းပြီးနောက် ဖမ်းဆီးခံထားရသော လူအများအပြား သေဆုံးမှုများအတွက် မြန်မာစစ်တပ်နှင့် ရဲတပ်ဖွဲ့က တာဝန်ရှိသည်ဟု လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW) မှ ယနေ့ ပြောကြားခဲ့သည်။
မြင်သာသော နှိပ်စက်ညှဉ်းပန်းခံထားရခြင်း သို့မဟုတ် လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်းကြောင့် တက်ကြွလှုပ်ရှားသူ ခြောက်ဦး ဖမ်းဆီးခံထားရစဉ် သေဆုံးမှုကို HRW မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ စစ်အစိုးရအာဏာပိုင်များသည် အဆိုပါ သေဆုံးမှုများကို အလေးအနက် စုံစမ်းစစ်ဆေးခြင်း သို့မဟုတ် တာဝန်ရှိသူများကို အရေးယူခြင်း မရှိသေးပေ။
“HRW က မှတ်တမ်းတင်ထားတဲ့ သေဆုံးသူ ခြောက်ဦးရဲ့ အမှုဟာ မြန်မာစစ်တပ်နဲ့ ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခံထားရသူတွေ ဘယ်လိုခံစားရတယ်၊ ဘယ်လိုညှဉ်းပန်းနှိပ်စက်ခံရတယ် ဆိုတာ မြင်သာစေတဲ့ အရိပ်အမြွက်လောက်ပဲ ရှိသေးတယ်” ဟု HRW မြန်မာသုတေသီ မန်နီမောင်က ပြောသည်။ “အုပ်ချုပ်မှုကဏ္ဍအားလုံးမှာ စစ်အစိုးရရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ကြည့်ရင် အချုပ်ထဲမှာ သေဆုံးမှုတွေနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးဖို့နဲ့ တာဝန်ရှိသူတွေကို အရေးယူဖို့ အခုချိန်ထိ ပျက်ကွက်နေတာ အံ့သြစရာမရှိဘူး။”
တရားမဝင်ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားသော မဖွယ်မရာဆက်ဆံမှုများနှင့် တရားမျှတမှုမရှိသော ခုံရုံးစစ်ဆေးမှုများ အပါအဝင် စစ်အုပ်ချုပ်ရေး ဆန့်ကျင်သူများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကို စစ်အစိုးရမှ ချက်ချင်း ရပ်တန့်သင့်သည်။ ဖမ်းဆီးခံရစဉ် သေဆုံးမှုဖြစ်ပွားပါက သင့်လျော်သောစာရွက်စာတမ်းများနှင့်အတူ သေဆုံးသူ၏ မိသားစုထံသို့ ချက်ချင်း အစီရင်ခံသင့်သည်။ ရုပ်အလောင်းကို မိသားစုထံ ပြန်ပေးရမည်ဖြစ်ပြီး တာဝန်ရှိသူများကို အရေးယူသင့်သည်။
ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဦးဆောင်သော ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို အဆုံးသတ်လိုက်သည့် စစ်အာဏာသိမ်းမှု နောက်ပိုင်းတွင် ရဲစခန်းများ၊ စစ်ကြောရေးစခန်းများနှင့် အကျဉ်းထောင်များတွင် အနည်းဆုံး လူ ၇၂ ဦး သေဆုံးခဲ့ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ခန့်မှန်းထားသည်။ ထို ၇၂ ဦးမှာ လုံခြုံရေးတပ်ဖွဲ့များ၏ ဖမ်းဆီးခြင်းခံရပြီး မကြာမီ အသတ်ခံခဲ့ရသည့် ခန့်မှန်းခြေ လူဦးရေ ၆၉၀ ၏ ရာခိုင်နှုန်း အနည်းငယ်မျှသာ ဖြစ်သည်။ အဖမ်းဆီးခံရပြီး သေဆုံးမှုများမှာ တိုင်းရင်းသားလူနည်းစုနယ်မြေများရှိ စစ်ဆင်ရေးများတွင် မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ စစ်အစိုးရမှာ ဖမ်းဆီးခံရစဉ် သေဆုံးမှုအနည်းငယ်ကိုသာ အသိအမှတ်ပြုခဲ့ပြီး ထိုအမှုများကိုလည်း ဖျားနာခြင်း သို့မဟုတ် နှလုံးရောဂါကြောင့် သေဆုံးမှုများဟု သတ်မှတ်သည်။ သို့ရာတွင် ရုပ်အလောင်းများမှ ရရှိသော သက်သေအထောက်အထားများအရ ဆိုးရွားသော အကျဉ်းထောင်အတွင်း အခြေအနေများနှင့်လုံလောက်သော ဆေးဝါးကုသမှု မရရှိခြင်း အပါအဝင် နှိပ်စက်ညှဉ်းပန်းခြင်း သို့မဟုတ် အခြားသော မဖွယ်မရာဆက်ဆံမှုများကြောင့် လူအများအပြား သေဆုံးခဲ့ရသည်ဟု လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူများ၊ မျက်မြင်သက်သေများနှင့် သေဆုံးသူများနှင့် နီးစပ်သူများမှ ပြောကြားခဲ့သည်။
မေလမှ ဇူလိုင်လအတွင်းတွင် သေဆုံးမှု ခြောက်ခုကို HRW မှ မှတ်တမ်းတင်နိုင်ခဲ့သည်။ ထိုသို့မှတ်တမ်းတင်ရာတွင် သက်သေ ၁၀ ဦးအပါအဝင် အမှုများနှင့် နီးစပ်သူများကို အဝေးမှ တွေ့ဆုံမေးမြန်းခြင်း၊ လူမှုကွန်ယက်စာမျက်နှာများတွင် တင်ထားသည့် ဓာတ်ပုံ ၄၀ နှင့် ဗီဒီယို ၅ ခုကို ပြန်လည်သုံးသပ်ခြင်းနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း အရေးပေါ်ကုသမှု ကျွမ်းကျင်သူ ဆရာဝန်ကြီးတစ်ဦး၏ လွတ်လပ်သော ဆေးဘက်ဆိုင်ရာ အမြင်များကို ရရယူခြင်းများ ပြုလုပ်ခဲ့သည်။
သေဆုံးသူ ခြောက်ဦးမှာ ရန်ကုန်၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းဒေသကြီးတို့မှ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ စစ်အစိုးရကို ပွင့်ပွင့်လင်းလင်း ကျယ်ကျယ်လောင်လောင် ဆန့်ကျင်ခဲ့ကြသူများ ဖြစ်သည်။ ဦးခင်မောင်လတ် (၅၈ နှစ်)၊ ဦးဇော်မြတ်လင်း (၄၆ နှစ်)နှင့် ဦးသန်းထွန်းဦး (၄၈ နှစ်) တို့မှာ NLD ပါတီဝင်များဖြစ်သောကြောင့် အဖမ်းခံရသည်မှာ ထင်ရှားသည်။ ဦးခက်သီ (၄၃ နှစ်)၊ ဦးတင်မောင်မြင့် (၅၂ နှစ်) နှင့် ဦးကျော်ဆွေငြိမ်း (၅၅ နှစ်) တို့မှာ စစ်အာဏာသိမ်းပြီးနောက် ဆန္ဒပြလှုပ်ရှားမှုများတွင် ပါဝင်ခဲ့ကြသည် သို့မဟုတ် ဦးဆောင်ခဲ့ကြသည်။ ထိုခြောက်ဦးအနက် ငါးဦးမှာ ဖမ်းဆီးခံရပြီး စစ်ကြောရေးတွင် ၂၄ နာရီအတွင်း သေဆုံးခဲ့ပြီး ဦးကျော်ဆွေငြိမ်းမှာ ဖမ်းဆီးခံရပြီး နှစ်လအကြာတွင် သေဆုံးခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် စစ်သားများက အဖမ်းခံရသူ ခြောက်ယောက်အနက် ငါးယောက်ကို ညပိုင်းတွင် နေအိမ်သို့ဝင်ရောက် ထိန်းသိမ်းခဲ့ပြီး ခြောက်ယောက်မြောက်ဖြစ်သော ဦးသန်းထွန်းဦးကို မန္တလေးမြို့ နေ့ခင်းအချိန်တွင် ဖမ်းဆီးခဲ့သည်။ အမှုခြောက်ခုအနက် ငါးခုမှာ စစ်တပ်နှင့် ရဲတပ်ဖွဲ့ ပူးပေါင်းစစ်ဆင်ရေးများနှင့် ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့အား စစ်အစိုးရ၏ ထိန်းချုပ်မှုအောက်သို့ တရားဝင် သွတ်သွင်းလိုက်ပြီး ရဲအရာရှိများလည်း စစ်တပ်စစ်ဆင်ရေးများတွင် ပါဝင်ရမည် အစရှိသော စစ်အမိန့်များကို နာခံစေရန် ဥပဒေတစ်ခုကို မတ်လတွင် ပြဌာန်းခဲ့သည်။
သေဆုံးသူငါးဦး၏ ဓာတ်ပုံများတွင် တွေ့ရသော ခန္ဓာကိုယ် သို့မဟုတ် ဦးခေါင်းဒဏ်ရာများမှာ ညှဉ်းပန်းနှိပ်စက်ခံထားရကြောင်း ဖော်ပြနေသည်။ ကွယ်လွန်ပြီးမကြာမီ ဦးသန်းထွန်းဦးကို မီးသဂြိုလ်ခဲ့သည်ဟု စစ်အစိုးရ အာဏာပိုင်များက ပြောကြားခဲ့သည်၊ သူ၏ရုပ်အလောင်းဓာတ်ပုံကို မရရှိခဲ့ပေ။
HRW မှ ဆွေးနွေးတိုင်ပင်ခဲ့သည့် အရေးပေါ်ဆရာဝန် Rohini Haar က ရုပ်အလောင်းများ၏ ဓာတ်ပုံများကို လေ့လာသုံးသပ်ခဲ့သည် - “သေဆုံးသူငါးဦးရဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေကို ပြန်သုံးသပ်ပြီး တွေ့ရတာက အဲဒီလူတွေရဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာတွေပေါ်က ဒဏ်ရာတွေအရ သူတို့တွေ အပြင်အထန် နာကျင်ခံစားခဲ့ကြရတယ်၊ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရတယ် ဆိုတာ ထင်ရှားတယ် … နှိပ်စက်မှု၊ ညှဉ်းပန်းမှု လက္ခဏာတွေ အများကြီး တွေ့ရတော့ အဲဒီလူတွေ ဘယ်ဒဏ်ရာနဲ့ သေခဲ့ကြတယ်ဆိုတာ တိတိကျကျ ဖော်ပြဖို့ ခက်တယ်။”
သေဆုံးသူခြောက်ဦးအနက် လေးဦးကို ခွဲစိပ်စစ်ဆေးခဲ့သော အထောက်အထားများ ရှိနေသော်လည်း သေဆုံးသူများ၏ မိသားစုများမှာ တရားဝင် ဆေးမှတ်တမ်းများ၊ သေဆုံးရသည့် အကြောင်းအရင်း သို့မဟုတ် ခွဲစိပ်စစ်ဆေးမှု အစီရင်ခံစာများ မရရှိခဲ့ကြပေ။ အဖမ်းခံရစဉ် သေဆုံးမှုအားလုံးအတွက် စစ်အစိုးရမှ ဆေးမှတ်တမ်းများထုတ်ပေးသင့်ပြီး ရင်ခွဲစစ်ဆေးမှုများလုပ်ဆောင်ပါက မိသားစုများအား စစ်ဆေးမှုအစီရင်ခံစာများ ထုတ်ပေးသင့်သည်။
သေဆုံးသူလေးယောက်၏ မိသားစုဝင်များမှာ သေဆုံးသူများကို ချက်ချင်း မီးသဂြိုလ်ရန် အာဏာပိုင်များက ဖိအားပေးခဲ့သည်ဟု ဆိုသည်၊ ပြစ်မှုကျူးလွန်ကြောင်း အထောက်အထားများ ဖုံးကွယ်ရန် ဖြစ်မည်ဟု ယူဆနိုင်သည်။ သေဆုံးသူနှစ်ယောက်၏ မိသားစုဝင်များမှာ အာဏာပိုင်များက အလောင်းကို ပြန်လည်သိမ်းယူမည်ကို စိုးရိမ်သောကြောင့် သူတို့ ချစ်မြတ်နိုးရသူများကို အမြန်မြှုပ်နှံခဲ့သည်ဟု ပြောသည်။
“သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသူ ဒါဇင်များစွာအပါအဝင် လူပေါင်း ၈၀၀၀ ကျော်မှာ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသည်” ဟု ယုံကြည်နိုင်သော အစီရင်ခံစာများကို လက်ခံရရှိထားကြောင်း ကုလသမဂ္ဂ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်က ၂၀၂၁၊ အောက်တိုဘာလတွင် ပြောကြားခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ လက်ချက်ကြောင့် သေဆုံးမှုများအနက် အနည်းဆုံး ၂၁ ရာခိုင်နှုန်းခန့်မှာ အကျဉ်းချခံနေရစဉ် သေဆုံးခြင်းဖြစ်သည်ဟု ယုံကြည်ရလောက်သော အစီရင်ခံစာများ ရရှိထားကြောင်း ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး Michelle Bachelet က ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီတွင် မတ်လတွင် ပြောကြားခဲ့သည်။
လူသတ်မှု၊ ညှဉ်းပန်းနှိပ်စက်မှုနှင့် မတရားအကျဉ်းချမှုများ အပါအဝင် အာဏာသိမ်းပြီးနောက်ပိုင်း စစ်အစိုးရ၏ နေရာအနှံ့အပြား၊ စနစ်တကျ လူ့အခွင့်အရေးချိုးဖောက်မှုများမှာ လူသားမျိုးနွယ်အပေါ် ရာဇ၀တ်မှုများ ကျူးလွန်ရာရောက်သည်ဟု HRW က တွေ့ရှိခဲ့သည်။
တရားမဲ့သေဆုံးမှုဖြစ်နိုင်ချေ စုံစမ်းစစ်ဆေးရေးဆိုင်ရာ ကုလသမဂ္ဂ Minnesota Protocol (၂၀၁၆) အရ ဖမ်းဆီးခံရစဉ် သေဆုံးမှုအားလုံးတွင် “သေဆုံးရသော အခြေအနေများနှင့်အကြောင်းရင်းများကို ချက်ချင်း၊ အဂတိကင်းစွာ၊ ထိရောက်သော စုံစမ်းစစ်ဆေးမှုများ” ပြုလုပ်သင့်သည်ဟု ပြဌာန်းထားသည်။
ထို့အပြင် “မိသားစုဝင်များကို ချက်ချင်းအကြောင်းကြားရမည် ဖြစ်ပြီး သေဆုံးကြောင်း အကြောင်းကြားစာကို အလွယ်တကူလက်ခံရရှိနိုင်အောင် စီစဉ်ပေးရမည်။ ဖြစ်နိုင်ပါက အလောင်းကို ရင်ခွဲစစ်ဆေးမှုများ မပြုလုပ်ခင် မိသားစုဝင်များကို တိုင်ပင်သင့်သည်။ ရင်ခွဲစစ်ဆေးရာတွင် ကျန်ရစ်သူမိသားစု၏ကိုယ်စားလှယ်တစ်ဦးကို ကြည့်ရှုလေ့လာခွင့်ပေးသင့်သည် … ဘာသာရေးယုံကြည်ချက်များနှင့်အညီ သဂြိုလ်နိုင်ရန် ရုပ်ကြွင်းကို မိသားစုဝင်များထံ ပြန်လည်ပေးအပ်သင့်သည်။”
ဥရောပသမဂ္ဂ၊ အမေရိကန်၊ ယူကေနှင့် အာဆီယံ အပါအဝင် ဒေသဆိုင်ရာအဖွဲ့အစည်းများနှင့် အစိုးရများသည် ဖမ်းဆီးခံရစဉ် သေဆုံးမှုများကို အထူးစိုးရိမ်ကြောင်း ဖော်ပြသင့်ပြီး ထိုအမှုများ အဆုံးသတ်ရန် စစ်အစိုးရကို ဖိအားပေးသင့်သည်ဟု HRW က ပြောကြားခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သော စစ်တပ်နှင့် နိုင်ငံတော် အုပ်ချုပ်ရေးကောင်စီနှင့် စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများကို ပစ်မှတ်ထားသော အရေးယူမှုများ ပိုမိုအားကောင်းအောင် လုပ်သင့်သည်။
မြန်မာအခြေအနေကို နိုင်ငံတကာ ရာဇ၀တ်မှုခုံရုံးသို့ လွှဲပေးခြင်းနှင့် စစ်အစိုးရကို ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု တားမြစ်ရေး ဆုံးဖြတ်ချက် ချမှတ်ခြင်းစသော အရေးယူမှုများကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက လုပ်ဆောင်သင့်သည်။
“စစ်အစိုးရ လုံခြုံရေးတပ်ဖွဲ့တွေ နေ့စဉ်လိုလို ကျူးလွန်နေတဲ့ ဖုံးကွယ်ထားတဲ့ ရက်စက်မှုတွေထဲမှာ ဖမ်းဆီးထိန်းသိမ်းခံရစဉ် သေဆုံးမှုတွေ ပါဝင်တယ်” ဟု မန်နီမောင်က ပြောသည်။ “စိုးရိမ်ပူပန်တဲ့ အစိုးရတွေအနေနဲ့ ဒီလိုတုန်လှုပ်ခြောက်ခြားစရာကောင်းတဲ့ ကျူးလွန်မှုတွေကို တစ်ကမ္ဘာလုံးက ဝိုင်းပြီးရှုံ့ချနိုင်အောင် သေသေချာချာ ဆောင်ရွက်သင့်တယ်။”
ဖမ်းဆီးခံထားရစဉ် သေဆုံးမှု
အောက်ဖော်ပြပါ အမှုတွဲမှတ်တမ်းများသည် သေဆုံးသူများ၏ မိသားစုဝင်များ၊ မျက်မြင်သက်သေများကို အဝေးမှ တွေ့ဆုံမေးမြန်းမှုများနှင့် အခြားသတင်းအရင်းအမြစ်များအပေါ် အခြေခံထားသည်။ မြန်မာစစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့၏ လက်စားချေခြင်းခံရမည်ကို ကြောက်ရွံ့သောကြောင့် အမည်မဖော်လိုကြောင်း အမှုခြောက်ခုအနက် ငါးခုမှမျက်မြင်သက်သေများက ထွက်ဆိုခဲ့ကြသည်။
ဦးကျော်ဆွေငြိမ်း၊ ညောင်ဦးမြို့၊ မန္တလေးတိုင်းဒေသကြီး
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့ ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့သည့် အသက် ၅၅ နှစ်အရွယ် ဦးကျော်ဆွေငြိမ်းအား အရပ်ဝတ်ရဲများနှင့် စစ်ထောက်လှန်းရေးတို့က ၂၀၂၂၊ ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီးရှိ နေအိမ်တွင် ဖမ်းဆီးခဲ့သည်။
ဦးကျော်ဆွေငြိမ်းသည်“သတင်းအတု” ဖြန့်ဝေပြီး အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲများကို ထောက်ခံသည့် ဖေ့စ်ဘုတ်ခ်ပို့စ်ကို မျှဝေသည်ဟု အာဏာပိုင်များက စွပ်စွဲခဲ့သည်။ မတ်လတွင် ထောင်တွင်းတရားရုံးတစ်ခုက လှုံ့ဆော်မှု ပုဒ်မ ၅၀၅ (က) ဖြင့် ထောင်ဒဏ် ၆ လ ချမှတ်ခဲ့သည်။ အာဏာသိမ်းပြီး မကြာမီ စစ်အစိုးရမှ ပြင်ဆင်လိုက်သည့် ထိုပုဒ်မမှာ “ကြောက်ရွံ့မှုကို ဖြစ်စေသော” ထင်မြင်ချက်များနှင့် “သတင်းမှား” ဖြန့်ဝေမှုများကို ရာဇ၀တ်မှုဟု သတ်မှတ်ပြီး ထောင်ဒဏ် ၃ နှစ်အထိ ချမှတ်နိုင်သည်။
မတ်လ ၉ ရက်နေ့တွင် ညောင်ဦးအကျဉ်းထောင်ဝန်ထမ်းတစ်ဦး၏ မိုဘိုင်းလ်ဖုန်းကို ငှားပြီး မိသားစုနှင့် စကားပြောဆိုရာတွင် ဦးကျော်ဆွေငြိမ်း၏အသံမှာ ကျန်းကျန်းမာမာ ရှိပုံရသည်။ သို့သော် မြင်းခြံစစ်ကြောရေးစခန်းတွင် ၁၀ ရက်ကြာ အကျဉ်းချခံထားရစဉ် ဆိုးဆိုးရွားရွား ရိုက်နှက်ခံခဲ့ရကြောင်း မိသားစုဝင်တစ်ဦးကို ပြောပြခဲ့သည်။ အဲဒီနောက်ပိုင်း ခေါင်းမူးနေတတ်သည်ဟု သူ့မိသားစုကို ပြောပြခဲ့သည်။ မတ်လ ၁၁ ရက်နေ့တွင် ဦးကျော်ဆွေငြိမ်းမှာ ခေါင်းမူးသည်ဆိုပြီး ထိုနေ့ညနေတွင်ပင် သေဆုံးသွားကြောင်း ထောင်အာဏာပိုင်များက သူ၏ဇနီးကို အကြောင်းကြားခဲ့သည်။ အလောင်းကို စစ်ဆေးခဲ့သော ညောင်ဦးဆေးရုံမှ ဆရာဝန်များက နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း သူ့ဆွေမျိုးများအား ပြောပြခဲ့သည်။
အာဏာပိုင်များက အလောင်းကို ခွဲစိပ်စစ်ဆေးခဲ့သော်လည်း သူ၏မိသားစုများမှာ သေဆုံးကြောင်းအထောက်အထား သို့မဟုတ် အလောင်းခွဲစိတ်မှုအစီရင်ခံစာကို မရရှိခဲ့ပေ။ ရဲအရာရှိတစ်ဦးက သူ၏မိသားစုကို စာရွက်အလွတ်တစ်ရွက်ပေါ်တွင် လက်မှတ်ထိုးခိုင်းပြီး ဦးကျော်ဆွေငြိမ်း သေဆုံးမှုအား အသိအမှတ်ပြုခိုင်းသည်ဟု မိသားစုဝင်တစ်ဦးက ပြောသည်။
မိသားစုဝင်တစ်ဦးမှ -
အရမ်းစိတ်ဒုက္ခရောက်တယ်။ စာရွက်လွတ်အပေါ် လက်မှတ်ထိုးလိုက်ရပေမဲ့ အဲဒါက ဘာမှန်းလဲ မသိဘူး၊ မိတ္တူလည်း မရှိဘူး … သဘာဝအကြောင်းတရားနဲ့ သူ သေသွားတာဆိုရင် [ထောင်ထဲမှာ သေတယ်ဆိုပြီး] ကိုယ့်ကိုကိုယ် ခွင့်လွှတ်နိုင်ပေမဲ့ အခုတော့ ဘာအကြောင်းမှမသိရတဲ့အတွက် ဗျာများရတယ်၊ သူ ဘာ့ကြောင့် သေဆုံးတယ်ဆိုတဲ့ အဖြေမသိရတဲ့အတွက် လက်ခံဖို့ ခက်ခဲပေမဲ့ ဘာမှမတတ်နိုင်ဘူး။
ဦးကျော်ဆွေငြိမ်း၏ အသုဘအခမ်းအနားမှ ဓာတ်ပုံများကို ပြန်လည်စစ်ဆေးရာတွင် မျက်လုံးနှင့် နားတစ်ဝိုက်တွင် ပွန်းပဲ့ဒဏ်ရာများကို ဓာတ်ပုံတစ်ပုံတွင် တွေ့ရှိရသောကြောင့် ဦးခေါင်းအပြင်းအထန် ဒဏ်ရာရထားသော အထောက်အထားဖြစ်ကြောင်း ဒေါက်တာ Haar က ပြောသည်။
ဦးသန်းထွန်းဦး၊ မန္တလေးမြို့၊ မန္တလေးတိုင်းဒေသကြီး
၂၀၂၁၊ စက်တင်ဘာလ ၂၆ ရက်နေ့ ညနေ ၃နာရီခွဲခန့်တွင် စစ်သားများနှင့် ရဲများမှ အသက် ၄၈ နှစ်အရွယ် နိုင်ငံရေးအကျဉ်းသားဟောင်းနှင့် တက်ကြွလှုပ်ရှားသူ သန်းထွန်းဦးအား မန္တလေးမြို့ရှိ သူ၏နေအိမ်တွင် ဖမ်းဆီးကာ အမှတ် ၇ နယ်မြေ ရဲစခန်းသို့ ခေါ်ဆောင်သွားခဲ့သည်။ အမိန့်နာခံမှု နှေးကွေးသောကြောင့်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့များက သူ့ကို လက်နောက်ပြန်ကြိုးတုပ် ရိုက်နှက်ပြီး ခြေထောက်များကို သေနတ်ဖြင့် ပစ်ခဲ့သည်ကို အိမ်နီးချင်းများနှင့် မိသားစုများ မြင်တွေ့ခဲ့ကြသည်။
မျက်မြင်သက်သေတစ်ဦးက -
စစ်သားနဲ့ ရဲ အယောက် ၅၀၊ ၁၀၀ လောက် စစ်ကားတွေ၊ ကိုယ်ပိုင်ကားတွေနဲ့ ရောက်လာတယ်။ တချို့စစ်သားတွေက ခြေမြန်တပ်မ ၃၃ တပ်ဖွဲ့ဝင်တွေ၊ မန္တလေး နယ်မြေခံစခန်းက ရဲတွေလည်း ပါတယ်။ ဦးသန်းထွန်းဦးက ပေါင် ၄၀၀ လောက်ရှိတယ်၊ သူ့ကို ဒူးထောက်ခိုင်းတာ မရလို့ သူ့ခြေထောက်တွေကို သေနတ်နဲ့ ပစ်ခဲ့တယ်။
နောက်တနေ့ စက်တင်ဘာ ၂၇ ရက်တွင် ဦးသန်းထွန်းဦးမှာ ရဲစခန်းတွင် နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း ရဲနှင့် စစ်ဘက်အရာရှိများက သူ၏မိသားစုကို အကြောင်းကြားခဲ့သည်ဟု သက်သေတစ်ယောက်က ပြောပြခဲ့သည်။ ဦးသန်းထွန်းဦး သေဆုံးသည်ကို အသိအမှတ်ပြုကြောင်း မိသားစုဝင်များအား လက်မှတ် ထိုးခိုင်းခဲ့သော်လည်း အာဏာပိုင်များက သူ၏မိသားစုကို ဆေးမှတ်တမ်း မပေးခဲ့ဟု သက်သေတဦးက ပြောသည်။
ဦးသန်းထွန်းဦးမှာ အဖမ်းမခံရခင်က ကျန်းမာရေးကောင်းမွန်ကြောင်း မိသားစုမှ ပြောသည်။ သူ၏မိသားစုဝင်များမှ ရုပ်အလောင်းကို တောင်းဆိုသောအခါ ဦးသန်းထွန်းဦးမှာ အချုပ်ခန်းထဲတွင် ကိုဗစ်-၁၉ ကူးစက်ခံရသောကြောင့် အလောင်းကို ချက်ချင်း မီးသဂြိုလ်ခဲ့သည်ဟု စစ်အာဏာပိုင်များက ပြောခဲ့သည်။
မိသားစုဝင်တစ်ဦးမှ -
လူတိုင်းမှာ အိပ်မက်တွေ ရှိတယ် သူ့ [သန်းထွန်းဦး] မှာလည်း ရှိတာပဲ။ သူက အနုပညာကို စိတ်ဝင်စားပြီး စာရေးတာကို ဝါသနာပါတယ်။ လူချစ်လူခင်များတယ်။ စစ်အာဏာရှင်ကို တော်လှန်ရင်း ကျဆုံးသွားတယ်ဆိုရင် ဖြေသာပါသေးတယ်။ ဒါပေမဲ့ သူတို့လုပ်ချင်ရာလုပ်လို့ရတဲ့ စစ်ကြောရေးမှာ သေသွားတာ။ ဒီနည်းနဲ့ သေသွားတာကို လက်ခံရတာ ရင်နာစရာပဲ။
ဦးခက်သီ၊ ရွှေဘိုမြို့၊ စစ်ကိုင်းတိုင်းဒေသကြီး
အသက် ၄၃ နှစ်အရွယ် ဦးခက်သီမှာ ထက်မြက်သော နိုင်ငံရေးအာဘော်များဖြင့် နာမည်ကြီးသည့် ကဗျာဆရာတစ်ယောက် ဖြစ်ပြီး စစ်တပ်အာဏာသိမ်းမှုဆန္ဒပြပွဲများတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ဆန္ဒပြပွဲများကို စီစဉ်ပြီး စစ်တပ်ဆန့်ကျင်ရေးကို အားပေးသည့် ဆန္ဒထုတ်ဖော်ပွဲများတွင် ဟောပြောခဲ့သည်။ သူ၏ ကဗျာများမှာ သူ့တော်လှန်ရေး၏ တစ်စိတ်တစ်ပိုင်း ဖြစ်လာခဲ့သည်။ “သူတို့က ခေါင်းကို ပစ်တယ်၊ တော်လှန်ရေးက နှလုံးသားမှာ ရှိတာ သူတို့မသိကြဘူး” ဟု ရေးသားခဲ့သည်။
၂၀၂၁၊ မေလ ၈ ရက်နေ့တွင် စစ်သားနှင့်ရဲ အယောက် ၄၀ ခန့်က ဦးခက်သီကို စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့ရှိ သူ၏နေအိမ်တွင် ဖမ်းဆီးခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များကို မိုင်းထောင်ရန် ကြံစည်မှုအား ဦးဆောင်ခဲ့သည်ဟု စွပ်စွဲခဲ့သည်။ ဦးခက်သီ၏ဇနီး ဒေါ်ချောစုနှင့် ညီဖြစ်သူ ဦးအေးဖြိုးတို့ကိုလည်း အလိုတူအလိုပါများဟု စွပ်စွဲက စစ်အစိုးရအာဏာပိုင်များက ဖမ်းဆီးခဲ့သည်။
သုံးဦးစလုံးကို လက်ထိပ်ခတ်ပြီး ရွှေဘိုမြို့မရဲစခန်းသို့ ရဲကားဖြင့် ခေါ်ဆောင်သွားကာ စစ်ဆေးမေးမြန်းရန် အမျိုးသားနှင့် အမျိုးသမီး အချုပ်ခန်းများတွင် ခွဲထားခဲ့ကြောင်း သက်သေတစ်ဦးက ပြောသည်။
ညတွင်းချင်း နာရီပေါင်းများစွာ စစ်ဆေးမေးမြန်းပြီးနောက် ဒေါ်ချောစုနှင့် ဦးအေးဖြိုးတို့ကို မေလ ၉ ရက် နံနက်တွင် ပြန်လွှတ်ပေးခဲ့သည်။ ဦးခက်သီကိုမူ မြို့မရဲစခန်းနှင့် ကီလိုမီတာ ၉၀ နီးပါးဝေးသော မုံရွာပြည်သူ့ဆေးရုံကြီးသို့ ပို့လိုက်ရကြောင်း ရဲအရာရှိတစ်ဦးက ဒေါ်ချောစုကို အကြောင်းကြားခဲ့သည်။ ဒေါ်ချောစုမှာ ခင်ပွန်းဖြစ်သူ နေမကောင်းဟု ထင်ကာ သူမကို မုံရွာဆေးရုံသို့ လိုက်ပို့ပေးရန် ကာ မြို့မရဲစခန်းမှူးထံ တောင်းဆိုခဲ့သည်ဟု အမှုနှင့် နီးစပ်သူများက ပြောသည်။ ထို့အချိန်ကျမှ တာဝန်ကျအရာရှိက ဦးခက်သီ သေသွားပြီဟု ပြောခဲ့သည်။
မေလ ၉ ရက်၊ နေ့လည် ၂ နာရီခန့်တွင် မုံရွာဆေးရုံမှ တာဝန်ရှိသူများက ဦးခက်သီမှာ နှလုံးရောဂါဖြင့် သေဆုံးသွားကြောင်း မိသားစုထံ အကြောင်းကြားခဲ့သည်။ သို့ရာတွင် မိသားစုဝင်များကမူ ဦးခက်သီတွင် နှလုံးရောဂါမရှိကြောင်း၊ မျက်စိမှုန်ခြင်းမှလွဲ၍ ကျန်းမာရေး ကောင်းမွန်ကြောင်း ထွက်ဆိုခဲ့ကြသည်။ ရုပ်အလောင်းအား ဆေးရုံတွင် နေ့တွင်းချင်း မီးသဂြိုလ်ရန် ဆေးရုံဝန်ထမ်းများက မိသားစုအား ဖိအားပေးခဲ့ကြောင်း သတင်းရင်းမြစ်တစ်ခုက ပြောကြားခဲ့သည်။ စစ်အစိုးရ အာဏာပိုင်များက ဦးခက်သီကို ချက်ခြင်း အတင်းမီးသဂြိုလ်ခိုင်းမည်ကို စိုးရိမ်သောကြောင့် မိသားစုမှ ရုပ်အလောင်းကို ပြန်ယူသွားပြီး နောက်တနေ့တွင် မြေမြှုပ်သင်္ဂြိုဟ်ရန် ပြင်ဆင်ခဲ့သည်။
စစ်အစိုးရ တာဝန်ရှိသူများက ဦးခက်သီ၏မိသားစုအား ဆေးမှတ်တမ်း သို့မဟုတ် အလောင်းခွဲစိတ်မှုအစီရင်ခံစာကို ပေးအပ်ရန် ပျက်ကွက်ခဲ့ပြီး သေဆုံးမှုနှင့် ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုလည်း မပြုလုပ်ခဲ့ပေ။
မိသားစုဝင်တစ်ဦးမှ -
အလောင်းကို သူတို့ ပြန်ယူမှာ ကြောက်လို့ သူ့ကို တခြားမြို့နယ်ကို အမြန် ပို့လိုက်ကြတယ် … အလောင်းကို ပြင်ဆင်တဲ့အခါ သူ့ခေါင်း နည်းနည်း လှုပ်သွားပြီး ခေါင်းထဲက သွေးတွေ ကျလာတယ်။ ဆေးရုံမှာ သူ့ခေါင်းကို ခွဲစိတ်ထားတာ၊ ခေါင်းမှာ ဒဏ်ရာတစ်ခု တွေ့ရတယ်၊ မျက်နှာညာဘက်မှာလည်း ပွန်းပဲ့ဒဏ်ရာ နှစ်ချက်နဲ့ နှာခေါင်းမှာလည်း အညိုအမဲစွဲနေတယ်။ သူ့ပေါင်နှစ်ဖက်လုံးမှာ လေးထောင့်ပုံ မီးလောင်ဒဏ်ရာတွေ တွေ့ရတယ်။ ရင်ခွဲစစ်ဆေးပြီး ပြန်ချုပ်ထားတဲ့ ချုပ်ရိုးတွေ ပွင့်ထွက်လာမှာ စိုးလို့ သူ့ကျောကိုတော့ စစ်မကြည့်ခဲ့ကြဘူး။
ဖမ်းဆီးခံရပြီး ၄၈ နာရီ မပြည့်မီ ၂၀၂၁၊ မေလ ၁၀ ရက်နေ့တွင် ဦးခက်သီကို သင်္ဂြိုဟ်ခဲ့သည်။
ဦးခက်သီ၏ ရုပ်အလောင်းဓာတ်ပုံများကို ကြည့်ပြီး ဦးခေါင်းဒဏ်ရာများကြောင့် သေဆုံးနိုင်ခြေ ရှိသည်ဟု အရေးပေါ်ဆရာဝန် Haar က ဆိုသည်။
ဦးဇော်မြတ်လင်း၊ ရွှေပြည်သာမြို့နယ်၊ ရန်ကုန်
ဦးဇော်မြတ်လင်းမှာ အသက် ၄၆ နှစ်ရှိပြီး ရန်ကုန်ရွှေပြည်သာမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည်ကို ဂုဏ်ပြုအမည်ပေးထားသော စုအသက်မွေးဝမ်းကျောင်းကျောင်း ဖွင့်လှစ်ခဲ့သည့် NLD ပါတီဝင်ဟောင်းတစ်ဦး ဖြစ်သည်။ သူနဲ့ သူ့မိသားစုများမှာ ကျောင်းသားများနှင့်အတူ ဘော်ဒါဆောင်တွင် နေထိုင်ခဲ့ကြသည်။
၂၀၂၁၊ မတ်လ ၉ ရက်၊ ည ၁ နာရီခန့်တွင် ရဲများနှင့် စစ်သားများက ကျောင်းသို့ ရောက်လာခဲ့သည်။ ဦးဇော်မြတ်လင်းမှ ဖေ့စ်ဘွတ်ခ်အကောင့်တွင် ဒီမိုကရေစီထောက်ခံအားပေးကြောင်း တင်ခဲ့ပြီးနောက် ဖမ်းဆီးရန် ရောက်လာကြဟန်တူသည်။
သူ ခြံစည်းရိုးတစ်ခုပေါ်ကနေ ခုန်ချပြီး ထွက်ပြေးရန်ကြိုးစားခဲ့သော်လည်း ဝိုင်းရံထားသော ရဲနဲ့ စစ်သားများက သူ့ကို စစ်ကားတစ်စီးပေါ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။
သက်သေတစ်ယောက်က -
၂၀၂၁၊ မတ်လ ၉ ရက်၊ နေ့လည် ၂ နာရီလောက်မှာ ကျောင်းသားတွေဆီက သတင်းကြားတယ်။ ရဲနဲ့ စစ်သား အယောက် ၄၀ လောက် စုအသက်မွေးဝမ်းကျောင်းကျောင်းမှာ ရောက်နေကြတယ်တဲ့။ အိမ်ရှေ့တံခါးကနေ စစ်သားတွေ ဝင်လာပြီး ကျောင်းသားတချို့ကို အရင်ဖမ်းသွားတယ်။ ဦးဇော်မြတ်လင်းက ခြံစည်းရိုးကျော်ပြီး ခုန်ချထွက်ပြေးပေမဲ့ စစ်တပ်က အဆောက်အအုံကို ဝိုင်းထားတာကြောင့် သူ အဖမ်းခံခဲ့ရတာ။ “မပစ်နဲ့ ငါ အဖမ်းခံပြီး မင်းတို့နဲ့ လိုက်ခဲ့မယ်” လို့ ဦးဇော်မြတ်လင်းက ပြောတာကို အိမ်နီးနားချင်းတွေက ကြားတယ်တဲ့။ ခြံစည်းရိုးပေါ်က ခုန်ချလို့ သူ ဘာဒဏ်ရာမှ မရခဲ့ဘူး။
နောက်နေ့တွင် ဦးဇော်မြတ်လင်း၏အလောင်းကို လာရောက်အတည်ပြုပေးရန် မိသားစုဝင်များအား အကြောင်းကြားခဲ့သည်။
မြင်သာသောဒဏ်ရာများကို ကြည့်ခြင်းအားဖြင့် မျက်နှာပေါ်ကို လောင်ကျွမ်းစေနိုင်သည့် အရည်များကို လောင်းချခဲ့ပုံရသည်ဟု ဦးဇော်မြတ်လင်း၏ ခန္ဓာကိုယ် ဓာတ်ပုံ ၁၂ ပုံနှင့် ဗီဒီယို ၂ ပုံကို လေ့လာသုံးသပ်ခဲ့သည့် ဒေါက်တာ Haar က ပြောကြားခဲ့သည်။
အလားတူ ဓာတ်ပုံများကို စစ်ဆေးပြီးနောက် ဦးဇော်မြတ်လင်း ရရှိခဲ့သော ဒဏ်ရာဒဏ်ချက်များ၏ သဘောသဘာဝမှာ ညှဉ်းပန်းနှိပ်စက်မှုကြောင့်သာ ဖြစ်နိုင်ကြောင်း The Guardian သတင်းစာက ကောက်ချက်ချခဲ့သည် – “ပွက်ပွက်ဆူနေတဲ့ ရေ ဒါမှမဟုတ် ဓာတုဆေးရည်တစ်ခုခုကို သူ့ပါးစပ်ထဲ လောင်းထည့်ခဲ့တဲ့ပုံပဲ။ လျှာက အရည်ပျော်သွားပြီး သူ့သွားတွေ ပျောက်နေတယ်။ မျက်နှာအရေပြားတွေ ကွာကျနေတယ်၊ နောက်ထပ် ဒဏ်ရာတွေကို ဖုံးဖိဖို့ အလောင်းကို ထုပ်ပိုးထားတယ်။”
ဦးဇော်မြတ်လင်းသည် နှလုံးရောဂါဖြင့် သေဆုံးသွားသည်ဟု စစ်အစိုးရ တာဝန်ရှိသူများက မိသားစုကို အကြောင်းကြားခဲ့သည်ဟု နီးစပ်သူတဦးက ပြောသည်။ တာဝန်ရှိသူများသည် မိသားစုအား ဆေးမှတ်တမ်း သို့မဟုတ် အလောင်းခွဲစိတ်မှုအစီရင်ခံစာကို ပေးအပ်ရန် ပျက်ကွက်ခဲ့သည်။
ဦးတင်မောင်မြင့်၊ ယင်းမာပင်မြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
၂၀၂၁၊ ဧပြီလ ၄ ရက်နေ့တွင် အသက် ၅၂ နှစ်အရွယ် ဦးတင်မောင်မြင့်မှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်မြို့နယ်ရှိ သူ၏ကျေးရွာကို စစ်တပ်က စီးနင်းစဉ် အဖမ်းဆီးခံခဲ့ရသည်။ သူသည် လယ်သမားတစ်ယောက် ဖြစ်သလို ကျေးရွာလူကြီးတစ်ယောက်လည်း ဖြစ်ပြီး စစ်အစိုးရဆန့်ကျင်ရေးတွင် ပါဝင်ခဲ့သည်။ နံနက် ၄ နာရီအချိန်ခန့်တွင် သူတို့ကျေးရွာကို ဝင်စီးရန်ပြင်ဆင်နေသည့် စစ်ကြောင်းအသွားအလာကို စောင့်ကြည့်ပေးနေသော ဦးတင်မောင်မြင့်နှင့် အခြား ၇ ဦးတို့ကို စစ်တပ်က ဖမ်းဆီးခဲ့ကြောင်း မျက်မြင်သက်သေများက ပြောသည်။
နောက်တစ်နေ့ မွန်းလွဲ ၂ နာရီခန့်တွင် ဦးတင်မောင်မြင့်၏ ရုပ်အလောင်းနှင့် သူနှင့်အတူဖမ်းဆီးခံရသော ရွာသားတစ်ဦး၏ရုပ်အလောင်းများကို မုံရွာအထွေထွေရောဂါကုဆေးရုံကြီးတွင် တွေ့ရသည်။ ရုပ်အလောင်းများတွင် ညှဉ်းပန်းနှိပ်စက်ခံရမှု အမှတ်အသားများ တွေ့ရသည်။ အလောင်းများကို ကြည့်ရှုခဲ့သည့် မျက်မြင်သက်သေတစ်ဦးက -
သူနဲ့ တခြားဖမ်းဆီးခံရသူရဲ့ မျက်နှာတွေ တစ်ပြင်လုံး ညိုမဲရောင်ကိုင်းနေတာ တွေ့ရတယ်။ မြင်လို့ကို မကောင်းဘူး။ သူတို့ရဲ့ မျက်နှာတွေကိုပဲ စစ်ဆေးခဲ့တယ်၊ ခန္ဓာကိုယ်တွေကိုတော့ အသေအချာ မကြည်ခဲ့ရဘူး။ အနီးကပ်မကြည့်ချင်ခဲ့တော့ သူတို့ ခန္ဓာကိုယ်ပေါ်က အမှတ်အသားတွေကို မမြင်ခဲ့ရဘဲ မျက်နှာတွေ ညိုမဲနေတာပဲ တွေ့ခဲ့ရတယ်။
လူမှုကွန်ရက်ပေါ်တွင် တင်ထားသည့် ဓာတ်ပုံတစ်ပုံအရ ဦးတင်မောင်မြင့်၏ ခန္ဓာကိုယ်တွင် ဒဏ်ရာများစွာကို တွေ့မြင်နိုင်သည်။ ပခုံးပေါ်ရှိ မီးလောင်ဒဏ်ရာဟု ထင်ရသည့် ဒဏ်ရာများမှာ အရေပြားစုတ်ပြဲခြင်း သို့မဟုတ် အရေပြားခွာခံရခြင်း အစရှိသော ကြီးမားသော ဒဏ်ရာများနှင့် ကိုက်ညီသည်ဟု ဓာတ်ပုံကို လေ့လာသုံးသပ်သူ ဒေါက်တာ Haar က ပြောကြားခဲ့သည်။ မျက်နှာပေါ်တွင် အညိုအမဲများကို မြင်တွေ့နိုင်ပြီး နဖူးတွင်လည်း နက်ရှိုင်းသော အပေါက်ကြီးတစ်ပေါက်ကိုလည်း တွေ့ရသည်။ မည်သည့်ဒဏ်ရာကြောင့် သေဆုံးရသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရဟု သူမက ပြောကြားခဲ့သည်။
စစ်အစိုးရ အာဏာပိုင်များက မိသားစုအား သေဆုံးကြောင်းစာရွက်စာတမ်း မပေးခဲ့ပေသည့်အပြင် ဦးတင်မောင်မြင့် မည်သို့ကွယ်လွန်သွားသည်ကိုလည်း ရှင်းပြခြင်း မရှိခဲ့ပေ။ ဆေးရုံ ရောက်ချိန်တွင် သူတို့နှစ်ယောက်မှာ သေပြီးသားဖြစ်နေပြီဟု ဆေးရုံဝန်ထမ်းများက မိသားစုဝင်များကို ပြောကြားခဲ့သည်။
ဦးခင်မောင်လတ်၊ ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီး
ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ် ရက်ကွက်လူကြီးနှင့် NLD အဖွဲ့ဝင် အသက် ၅၈ နှစ်ရှိ ဦးခင်မောင်လတ်၏ နေအိမ်သို့ စစ်သားများနှင့် ရဲများ ၂၀၂၁၊ မတ်လ ၆ ရက်နေ့တွင် ရောက်ရှိလာသည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များက ဦးခင်မောင်လတ်၏အိမ်ကို အတင်းဝင်ရောက်ပြီး မိသားစုရှေ့တွင် သူ့ကို ထိုးကြိတ်ကန်ကျောက်ကာ သေနတ်ဖြင့် ချိန်ပြီး ခေါ်ဆောင်သွားခဲ့ကြောင်း မျက်မြင်သက်သေများက ပြောခဲ့သည်။ နောက်နေ့မနက်တွင် ဦးခင်မောင်လတ်မှာ နှလုံးရောဂါနှင့် သေဆုံးသွားကြောင်း မိသားစုကို အကြောင်းကြားခဲ့ပြီး မနက် ၈ နာရီတွင် အလောင်းကို ပြန်ယူနိုင်ခဲ့သည်။
ဦးခင်မောင်လတ်၏ခြေထောက်များ ကျိုးနေပုံရသည်၊ လွှမ်းထားသော အဖြူရောင် အဝတ်စမှာ သွေးစွန်းနေပြီး မျက်နှာမှာလည်း ပြာနှမ်းရောင်ရမ်းနေသည်ဟု မတ်လ ၇ ရက်နေ့တွင် ဦးခင်မောင်လတ်၏ဈာပနကို တက်ရောက်ခဲ့သော မိတ်ဆွေတစ်ဦးက ပြောပြခဲ့သည်။ ထိုမိတ်ဆွေက -
ရေဝေးသုသာန် ရောက်တော့ ဦးခင်မောင်လတ်ရဲ့ ရုပ်အလောင်းကို ရေခဲတိုက်မှာ မွတ်ဆလင် ထုံးစံအရ ပြင်ဆင်နေကြပြီ။ ဒါပေမဲ့ အလောင်းကို ဆေးကြောတဲ့ အသိတွေကို အဝတ်တွေချွတ်ပြီးတာနဲ့ ဓာတ်ပုံရိုက်ထားဖို့ ပြောထားခဲ့တယ်။ အလောင်းကိုဆေးတော့ ရေနဲ့ သွေးတွေ ရောပြီးစီးကျလာပြီး သူ့ခန္ဓာကိုယ်မှာ ဆိုးဆိုးရွားရွား အရိုက်ခံထားရသလို ဖြစ်နေတဲ့ အမှတ်အသားတွေ တွေ့ရတယ် … နားရွက်ထဲက သွေးတွေထွက်နေပြီး တကိုယ်လုံးမှာလည်း အညိုအမဲစွဲနေတယ်၊ ခြေထောက်တွေကလည်း ပျက်စီးနေပုံ၊ ကျိုးနေပုံပဲ … အလောင်းကို ဆေးကြောသူက နားနှင့်နှာခေါင်းပေါက်တွေထဲကို ဂွမ်းစတွေထည့်ပေးပေမဲ့ သွေးမတိတ်ဘူး … အဝတ်ဖြူက အဖြူမဟုတ်တော့ဘဲ အနီနဲ့ သံချေးရောင် စွန်းသွားတယ်။
အာဏာပိုင်များက အလောင်းကို ခွဲစိပ်စစ်ဆေးခဲ့ပုံရကြောင်းကို အဆိုပါ မိတ်ဆွေက -
သူတို့ပြောတော့ နှလုံးရောဂါကြောင့် သေတယ်ဆိုပေမဲ့ ရင်ဘတ်နဲ့ ခေါင်းကို ခွဲစိပ်စစ်ဆေးထားတာ တွေ့ရတယ်။ ခေါင်းကို အပေါ်က ဖြတ်ပြီး အချပ်လိုက်ဆွဲလှန်ထားတယ်၊ ဒါပေမဲ့ ဘာကြောင့် သူတို့ ဒီလိုလုပ်ခဲ့ကြတာလဲ။ ဘာအကြောင်းပြချက်မှ မပေးဘူး … သူ့ခေါင်းနှင့် ခန္ဓာကိုယ်က ချုပ်ရိုးတွေကို တွေ့ရပြီး အဲဒီချုပ်ရိုးတွေက သွေးတွေ စိမ့်ထွက်နေတုန်းပဲ။ အဲဒီချုပ်ရိုးတွေကို ဘယ်လိုဆေးဆေး သွေးမတိတ်ဘဲ သွေးတွေက နွေးနေတုန်းပဲ။ သူ့မျက်လုံးတစ်ဝိုက်နဲ့ ခန္ဓာကိုယ်အနှံ့မှာလည်း အညိုအမဲတွေ စွဲနေတယ်၊ တကိုယ်လုံးမှာ ညိုမဲနေတာ။
ဦးခင်မောင်လတ်၏ ရုပ်အလောင်းကို မွတ်ဆလင်ထုံးစံအရ မြှုပ်နှံရန် ကူညီပေးခဲ့သည့် မွတ်ဆလင်အသိုင်းအဝိုင်းမှ အဖွဲ့ဝင်တစ်ဦးက သူ၏ကျောကုန်းနှင့် လက်တို့တွင် တွေ့ရသော နက်ရှိုင်းသောဒဏ်ရာများမှာ ညှဉ်းပန်းနှိပ်စက်ခံခဲ့ရသည်ကို ညွှန်ပြနေကြောင်း ပြောသည်။
ဦးခင်မောင်လတ်၏ ရုပ်အလောင်း ဓာတ်ပုံကိုးပုံနှင့် ဗီဒီယိုတစ်ခုကို လေ့လာသုံးသပ်ခဲ့သော ဒေါက်တာ Haar က ဦးခေါင်းနှင့် ရင်ဘတ်ရှိ ချုပ်ရိုးများမှာ မကျွမ်းကျင်သော၊ ဖြစ်သလိုချုပ်ထားသော ချုပ်ရိုးများဖြစ်သည်ဟု ပြောခဲ့သည် – “ချုပ်ရိုးတွေက လုံးဝပုံမှန်မဟုတ်ဘူး၊ ဆေးဘက်ဆိုင်ရာ အကောင်းဆုံးကျင့်စဉ်တွေနဲ့ မညီညွတ်ဘူး။ ဒီလို ပုံမှန်မဟုတ်တဲ့ အခြေအနေမျိုးမှာ အလောင်းကို ခွဲစိတ်စစ်ဆေးတာကိုက ထင်ထင်ရှားရှား မြင်သာတဲ့ ညှဉ်းပန်းနှိပ်စက်မှုတစ်ခုမှာ ဆေးပညာရှင်တွေက ဝင်ပါနေသလိုဖြစ်နေတယ်။”
ဦးခင်မောင်လတ် အဖမ်းဆီးခံရပြီး ၂၄ နာရီမပြည့်မီ မတ်လ ၇ ရက်နေ့တွင် သူ၏ရုပ်အလောင်းအား ရေဝေးသုသာန်တွင် မီးသဂြိုလ်ခဲ့သည်။ တာဝန်ရှိသူများက သူ့မိသားစုအား ဆေးမှတ်တမ်း သို့မဟုတ် အလောင်းခွဲစိတ်မှုအစီရင်ခံစာများ ပေးအပ်ရန် ပျက်ကွက်ခဲ့သည်ဟု အဆိုပါ မိတ်ဆွေက ပြောသည်။