- အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြသူများနှင့် ဝေဖန်သူများကို ခုခံကာကွယ်ပေးသည့် ရှေ့နေများကိုယ်တိုင် စစ်ကောင်စီ၏ ခြိမ်းခြောက်မှု၊ ဖမ်းဆီးမှုနှင့် တရားစွဲဆိုမှုများ ရင်ဆိုင်နေကြရသည်။ ဖမ်းဆီးခံရသူများမှာ နှိပ်စက်ညှဉ်းပန်းခံရပြီး ဆိုးဆိုးရွားရွား ဆက်ဆံခံရသည်။
- ရှေ့နေများအား လုပ်ငန်းတာဝန်များဆောင်ရွက်ရာတွင် အဟန့်အတားဖြစ်စေရန် စနစ်တကျဖန်တီးထားသည့် အတားအဆီးများနှင့် ကန့်သတ်ချက်များကို စစ်အာဏာပိုင်များမှ ချမှတ်ခဲ့သည်။ နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော အမှုများကို အမြန်ပြစ်ဒဏ်ချမှတ်နိုင်ရန် အကျဉ်းထောင်များအတွင်း ပြည်သူများတက်ရောက်ခွင့်မရှိသော တရားရုံးများကို စစ်ကောင်စီမှ ဖန်တီးခဲ့ပြီး ထိုတရားရုံးများမှာ တရားမျှတသော စစ်ဆေးမှုအခွင့်အရေးကို ချိုးဖောက်နေသည်။
- မြန်မာစစ်ကောင်စီအနေနှင့် အရပ်သားဒီမိုကရေစီအုပ်ချုပ်ရေးကို အမြန်ဆုံး ပြန်လည်ထူထောင်သင့်သည်။ သက်ဆိုင်ရာ အစိုးရများအနေနှင့် အလွဲသုံးစားမှုများတွင် ပါဝင်ပတ်သက်နေသော စစ်ကောင်စီအဖွဲ့ဝင်များအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ ချမှတ်သင့်သည်၊ မြန်မာအား နိုင်ငံတကာရာဇ၀တ်မှုခုံရုံးသို့ လွှဲပြောင်းပေးရန် ကြိုးပမ်းသင့်ပြီး ကမ္ဘာလုံးဆိုင်ရာ လက်နက်ရောင်းချမှု ပိတ်ပင်ခြင်းကို လုပ်ဆောင်သင့်သည်။
(ဘန်ကောက်၊) - ၂၀၂၁၊ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက မြန်မာစစ်ကောင်စီမှ ဥပဒေမဲ့ဖမ်းဆီးထားသည့် ဆန္ဒပြသူများနှင့် အခြားသူများ၏ အခွင့်အရေးများကို အကာအကွယ်ပေးရန် ကြိုးစားသည့် ရှေ့နေများကို ခြိမ်းခြောက်ပြီး ထိပါးနှောင့်ယှက်ခဲ့သည်ဟု လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က ယနေ့ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
“‘ကျွန်ုပ်တို့ အရေအတွက် လျော့နည်းနေပြီ’- မြန်မာစစ်တပ်မှ အာဏာသိမ်းပြီးနောက်ပိုင်း ရှေ့နေထုအား ဖြိုခွင်းခြင်း” ခေါင်းစဉ်ဖြင့် စာမျက်နှာ ၄၃ မျက်နှာပါအစီရင်ခံစာတွင် အာဏာသိမ်းကတည်းက ရှေ့နေများ(အထူးသဖြင့် နိုင်ငံရေးအမှုများကို ကိုင်တွယ်သည့် ရှေ့နေများ) အပေါ် စစ်ကောင်စီအာဏာပိုင်များ၏ ထိပါးနှောင့်ယှက်မှု၊ စောင့်ကြည့်မှု၊ ဖမ်းဆီးမှုများနှင့် ညှဉ်းပန်းနှိပ်စက်မှု ပုံစံများကို လေ့လာသုံးသပ်ထားသည်။ ဖမ်းဆီးခံထားရသည့် ရှေ့နေ အနည်းဆုံး ၃၂ ယောက်ရှိသည်၊ သူတို့အပေါ် စွဲဆိုထားသည့်စွဲချက်များအတွက် သက်သေအထောက်အထား အနည်းငယ်သာရှိပြီး တရားရုံးကြားနာမှုမရှိသေးဘဲ ထိန်းသိမ်းထားကြောင်း နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏မှတ်တမ်းများအရ သိရသည်။
“ဖမ်းဆီးခံထားရသူတွေအတွက် ရှေ့နေလိုက်ပေးတဲ့အလှည့်တိုင်း မြန်မာရှေ့နေတွေဟာ လုပ်ငန်းကို အဟန့်အတားဖြစ်စေတဲ့ စနစ်တကျဖန်တီးထားတဲ့ အတားအဆီးတွေနဲ့ ရင်ဆိုင်နေရတယ်” ဟု လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေးအဖွဲ့ (Human Right Watch, HRW) မှ မြန်မာသုတေသီ မန်းနီမောင်က ဆိုသည်။ “စစ်တပ်အာဏာပိုင်တွေအနေနဲ့ ဥပဒေမဲ့ဖမ်းဆီးခံထားရသူတွေကို ချက်ချင်းလွှတ်ပေးပြီး ရှေ့နေတွေကို နှောင့်ယှက်နေတာ ရပ်တန်းကရပ်သင့်ပြီ။”
အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီသည် အာဏာသိမ်းဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများနှင့် ဝေဖန်သူ ထောင်ပေါင်းများစွာကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုသူအများစုမှာ တရားမျှတသောအမှုစစ်ခြင်း နိုင်ငံတကာစံနှုန်းများနှင့် မကိုက်ညီသည့် အကျဉ်းရုံးစစ်ဆေးမှုများဖြင့် စစ်ဆေးခံရပြီး လှုံ့ဆော်မှုနှင့် အကြမ်းဖက်မှုဖြင့် ထောင်ချခံခဲ့ရသည်။ ယခင်ကတည်းက တရားမျှတမှုအားနည်းသော မြန်မာ့တရားစီရင်ရေးစနစ်သည် အခြေခံတရားမျှတမှုအခွင့်အရေးများကို ထိန်းသိမ်းရန် ပျက်ကွက်ခဲ့ပြီး အလွန်အမင်း ဆုတ်ယုတ်သွားခဲ့သည်။ စစ်ကောင်စီသည် နိုင်ငံရေးအမှုများကို အမြန်အပြစ်ပေးနိုင်ရန် အကျဉ်းထောင်များအတွင်း ပြည်သူများတက်ရောက်ခွင့်မရှိသော “အထူးတရားရုံးများ” ကို ဖန်တီးခဲ့သည်။ စစ်အုပ်ချုပ်ရေးအမိန့်ချထားသည့် မြို့နယ်များတွင် စစ်ခုံရုံးများမှ အကျဉ်းရုံးစစ်ဆေးမှုများကို ကိုင်တွယ်သည်။ စစ်အာဏာပိုင်များမှ အဟန့်အတားများ စနစ်တကျဖန်တီးထားသော်လည်း ရှေ့နေများမှာ ဖမ်းဆီးခံရသူများ၏လူ့အခွင့်အရေးများကို ကာကွယ်ရန် ကြိုးစားနေကြဆဲ ဖြစ်သည်။
စစ်ကောင်စီ၏ အထူးတရားရုံးများစနစ်အတွင်း အလုပ်လုပ်နေသော နိုင်ငံတကာ အစိုးရမဟုတ်သောအဖွဲ့အစည်းများ၏ ဥပဒေအကြံပေး ၇ ဦးနှင့် အစွပ်စွဲခံရသူ၏ရှေ့နေ ၁၉ ဦးတို့ကို HRW မှ တွေ့ဆုံမေးမြန်းခဲ့သည်။ ရှေ့နေ ၁၉ ဦးစလုံးမှ စစ်ကောင်စီအာဏာပိုင်များ၏ ခြိမ်းခြောက်ခြင်းနှင့် စောင့်ကြည့်ခြင်းများကို ကြုံတွေ့ခဲ့ရသည်ဟု ဆိုသည်။ တချို့အခြေအနများတွင် ဆူပူသောင်းကျန်းမှု၊ လှုံ့ဆော်မှု သို့မဟုတ် အကြမ်းဖက်မှုဖြင့် စွဲချက်တင်ခံထားရသော တက်ကြွလှုပ်ရှားသူများကို ကိုယ်စားပြုသည့် ရှေ့နေများအား စစ်ကောင်စီအာဏာပိုင်များမှ လက်စားချေရန် ပစ်မှတ်ထားတိုက်ခိုက်နေပုံရသည်။
ထိန်းသိမ်းခံထားရသော လုပ်ဖော်ကိုင်ဖက်များမှာ လူမဆန်စွာဆက်ဆံခံရကြောင်း သို့မဟုတ် ညှဉ်းပန်းနှိပ်စက်ခံရကြောင်း ရှေ့နေများမှ ပြောကြားခဲ့သည်။ တရားရုံးကြားနားမှုမရှိဘဲ ဖမ်းဆီးခံရစဉ် လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်မှုကြောင့် လက်မောင်းနှင့် ခြေထောက် ကျိုးသွားကာ ဝမ်းဗိုက်ထဲသို့ အစာပြွန်ထည့်ထားကြောင်း မန္တလေးတိုင်းဒေသကြီးမှ တရားရုံးချုပ်ရှေ့နေ ဦးတင်ဝင်းအောင်၏ အခြေအနေကို သိသူအများအပြားမှ ဆိုသည်။
ရဲများမှ မျက်လုံးအဝတ်နှင့်စည်း၊ ပုံစံထိုင်ထိုင်ခိုင်းခဲ့ပြီး စစ်ကြောရေးအတွင်း အစားအစာနှင့်ရေ မပေးဘဲ ဖြတ်တောက်ခဲ့သည်ဟုအကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာပြီးစ ရှေ့နေတစ်ယောက်မှ HRW ကို ပြောပြခဲ့သည်။
အထူးတရားရုံးများတွင် ရှေ့နေများနှင့် တရားစွဲဆိုခံရသူအမှုသည်များမှာ တရားရုံးကြားနာခြင်းများမတိုင်ခင် သီးသန့်ပြောဆိုဆွေးနွေးရန် တားမြစ်ခံရသည့်အပြင် အခြားစိန်ခေါ်မှုများစွာကို ရင်ဆိုင်ကြရသည်။ စစ်ကောင်စီအရာရှိများမှ ရှေ့နေများ လုပ်ငန်းတာဝန်များ လုပ်ဆောင်ခြင်းကို မကြာခဏ ပိတ်ပင်တားမြစ်သည့်အပြင် သံသယရှိသူများ၏အခွင့်အရေးများဖြစ်သော သတ်မှတ်ထားသည့် တရားရုံးလုပ်ထုံးလုပ်နည်းနှင့် တရားမျှတသောစစ်ဆေးမှုရရှိရေးကိုလည်း ပယ်ချလေ့ရှိကြောင်း ရှေ့နေများမှ ပြောကြားခဲ့သည်။
စစ်ကောင်စီမှ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ထားသည့် မြို့နယ် ၄၇ ခုတွင် အရပ်သားတရားခံများနှင့်ပတ်သက်သည့် ရာဇဝတ်မှုများကို စစ်ခုံရုံးများမှ စီရင်ဆုံးဖြတ်သည်။ ပုံမှန်အားဖြင့် စစ်ခုံရုံးများမှာ အကျဉ်းထောင်များအတွင်း စီရင်ချက်ချလေ့ရှိသည်။ သံသယရှိသူများမှာ ရှေ့နေငှားခွင့်မရ၊ အမှုစစ်ဆေးခြင်းများမှာလည်း အကျဉ်းချုံးသာဖြစ်ပြီး ချမှတ်ခံရသည့် ပြစ်ဒဏ်များမှာ ကွဲပြားခြားနားမှုမရှိပေ၊ တခါတရံ ကြီးလေးသောပြစ်ဒဏ်များ ချမှတ်ခံရလေ့ရှိသည်။
ရှေ့နေများ၏အခန်းကဏ္ဍဆိုင်ရာ ကုလသမဂ္ဂအခြေခံမူများတွင် အစိုးရများအနေနှင့် အမျိုးသားဥပဒေများ ချမှတ်ရန်နှင့် ရှေ့နေများမှ သူတို့၏အခန်းခဏ္ဍကို သင့်လျော်စွာ ကျင့်သုံးနိုင်စေရန် သေချာအောင်လုပ်ဆောင်ရန် စံနှုန်းသတ်မှတ်ချက်များ ထုတ်ပြန်ထားသည်။ အဆိုပါအခြေခံမူများတွင် ရှေ့နေများနှင့် ဥပဒေဆိုင်ရာဝန်ဆောင်မှုများ၊
သီးသန့်ရာဇဝတ်မှုဆိုင်ရာ တရားမျှတမှု အကာအကွယ်များနှင့် ရှေ့နေများ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ရန်နှင့် အသင်းများဖွဲ့စည်းနိုင်ရန် ရပိုင်ခွင့်များကို ပြဌာန်းထားသည်။ စစ်ကောင်စီအာဏာပိုင်များ၏လုပ်ရပ်များမှာ ထိုအခြေခံမူများကို မကြာခဏ ဆန့်ကျင်လျက်ရှိသည်။
တရားမျှတသောစစ်ဆေးမှုအခွင့်အရေးများကို တရားစီရင်ရေးစနစ်ဖြင့် ကာကွယ်ပေးနိုင်စွမ်းမှာ ရှေ့နေများ လွတ်လွတ်လပ်လပ်နှင့် အမှီအခိုက်ကင်းကင်း လုပ်ငန်းများဆောင်ရွက်နိုင်ခြင်းပေါ်တွင် အဓိကမူတည်သည်။ တရားမျှတသောစစ်ဆေးမှု သေချာရရှိစေရန်နှင့် မြန်မြန်ဆန်ဆန် အဆီးအတားမရှိဘဲ တိကျသော ဥပဒေအကြံဉာဏ်များ ပေးနိုင်ရန် ရှေ့နေများမှ အမှုသည်များကို သီးသန့်ဆက်သွယ်နိုင်ရန် လိုအပ်သည်။ မြန်မာနိုင်ငံအနေဖြင့် ပြည်သူနှင့်နိုင်ငံရေးအခွင့်အရေးဆိုင်ရာ အပြည်ပြည်ဆိုင်ရာသဘောတူစာချုပ် (International Covenant on Civil and Political Rights)တွင် အဖွဲ့ဝင်မဟုတ်သော်လည်း တရားမျှတသောစစ်ဆေးမှုရရှိရေးမှာ နိုင်ငံတကာဥပဒေ၏ဓလေ့ထုံးစံအရ အသိအမှတ်ပြုထားသောကြောင့် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံအနေဖြင့် မြန်မာတွင် တာဝန်ရှိသည်။
မြန်မာနိုင်ငံ၏ဆိုးရွားလှသော လူ့အခွင့်အရေး အခြေအနေများနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ နိုင်ငံခြားအစိုးရများနှင့် ဒေသခံအဖွဲ့အစည်းများအနေဖြင့် အလွဲသုံးစားလုပ်မှုများတွင် ပါဝင်ပတ်သက်နေသော စစ်တပ်အဖွဲ့ဝင်များနှင့် စစ်တပ်နှင့် ဆက်နွှယ်သော ကုမ္ပဏီများအပေါ် ပစ်မှတ်ထားပိတ်ဆို့အရေးယူမှုများ အပါအဝင် စစ်ကောင်စီအား အရေးယူမှုအများအပြား လုပ်ဆောင်သင့်သည်။
နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကြိုးပမ်းရာတွင် အစိုးရအားလုံးအနေဖြင့် ရှေ့နေများ ရင်ဆိုင်နေရသည့် ထိပါးနှောင့်ယှက်ခံရမှုနှင့် အကျဉ်းချခံရမှုများကို လူအများသိရှိလာအောင် မြှင့်တင်လုပ်ဆောင်သင့်ပြီး စစ်ကောင်စီ၏ညှင်းပန်းနှိပ်စက်မှုများကို ငြိမ်းချမ်းစွာ ဆန္ဒပြသောကြောင့် နှစ်ပေါင်းများစွာ အကျဉ်းကျခံထားရသူများအပေါ် ရှေ့နေများ၏ကာကွယ်ပေးနိုင်စွမ်း မြင့်မားလာအောင် လုပ်ဆောင်သင့်သည်။
“တရားမျှတတဲ့စစ်ဆေးမှုရရှိရေး အခြေခံအခွင့်အရေးကို ကာကွယ်ဖို့ ကြိုးစားနေတဲ့ ပြည်သူတွေကို ဖိနှိပ်ချုပ်ချယ်ဖို့နဲ့ သိက္ခာချဖို့ စစ်ကောင်စီအာဏာပိုင်တွေက လုပ်ကြံစည်းမျဉ်းတွေ ချမှတ်နေတယ်” ဟု မန်နီမောင်က ပြောသည်။ “သက်ဆိုင်ရာအစိုးရတွေအနေနဲ့ ကျန်ရှိတဲ့ရှေ့နေတွေဟာ အဲဒီအခွင့်အရေးတွေကို သတ္တိရှိရှိ ကာကွယ်ဖို့ ကြိုးစားနေတယ်ဆိုတာ လူသိရှင်ကြားဖြစ်အောင် မြန်မြန်ဆန်ဆန် ဆောင်ရွက်သင့်တယ်။”
ရှေ့နေများနှင့် တွေ့ဆုံမေးမြန်းမှုများမှ ကောက်နှုတ်ချက်များ
“ကျွန်တော်တို့ တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခံနေရတယ်၊ သက်သေတွေကို အချို့မေးခွန်းတွေ မမေးဖို့[တရားသူကြီးတွေ]က ပြောတယ်၊ ထောင်အရာရှိတွေ၊ ထောက်လှမ်းရေးတပ်ဖွဲ့တွေနဲ့ ဘယ်ကမှန်းမသိရတဲ့ လူတွေဆီက ခြိမ်းခြောက်မှုတွေ ခံနေရတယ်။ သူတို့က ကျွန်တော်တို့ နာမည်တွေကို ရေးမှတ်တယ်၊ ကျွန်တော်တို့ကို ဓာတ်ပုံတွေ ရိုက်တယ်၊ အိမ်ကို လာတယ်၊ အိမ်အပြင်ကနေ စောင့်ကြည့်တယ်။ အကျဉ်းထောင်အတွင်းက အထူးတရားရုံးတွေမှာ အမှုလိုက်ရတဲ့ ရှေ့နေတွေက အများဆုံး နှောင့်ယှက်ခံရတယ်။ သူတို့ဆီမှာ ကျွန်တော်တို့ရဲ့အချက်အလက်တွေအကုန်ရှိနေတော့ နေ့စဉ်ရက်ဆက် ခြိမ်းခြောက်မှုတွေ ခံနေရတယ်။”
ရန်ကုန်အခြေစိုက် ရှေ့နေတစ်ဦးမှ HRW သို့ ၂၀၂၂၊ အောက်တိုဘာလတွင် ပြောကြားခဲ့သည်။
“သူ့ခြေထောက်တွေကို ဆန့်ထားပြီး ထိပ်တုံးခတ်ထားတယ်။ သူတို့က သူ့ညိုသကျည်းတလျှောက် အရမ်းလေးတဲ့ တုတ်ကြီးတစ်ချောင်းနဲ့ လှိမ့်တယ်၊ သူ့ခြေထောက်တွေအပေါ် မတ်တပ်ရပ်တယ်၊ အဲဒါကြောင့် သူ့ညိုသကျည်းအရိုးတွေ ကျိုးကုန်တယ်။ ရင်ဘတ်နဲ့ နောက်ကျောကို ပိတ်ကန်တယ်...။ ဓားနဲ့ခုတ်ခံရသလိုမျိုး ဒဏ်ရာတွေလည်း ရှိတယ်။ သူ့ခြေထောက်အရိုးတွေက ကျိုးကြေလုနီးပါးပဲ။ ရင်ဘတ်နဲ့ နောက်ကျောကို ပိတ်ကန်ခံရလို့ အဆုတ်လည်း ပျက်စီးသွားတယ်။”
မန္တလေးအိုးဘိုထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံရစဉ် အထက်တန်းရှေ့နေ ဦးတင်ဝင်းအောင် ခံစားခဲ့ရသည့် ညှဉ်းပန်းနှိပ်စက်မှုနှင့် လူမဆန်စွာဆက်ဆံမှုအကြောင်းကို ရှေ့နေတစ်ဦးမှ HRW အား ၂၀၂၂၊ အောက်တိုဘာတွင် ပြောကြားခဲ့သည်။
“သူတို့က ကျွန်တော့်ကို မျက်လုံးအဝတ်နဲ့စည်းပြီး ခေါ်သွားကြတယ်၊ ရဲစခန်းလို့ ကျွန်တော်ထင်တာပဲ။ အဲဒီကိုရောက်တဲ့အခါ ကျွန်တော့်ကို ဒူးထောက်ခိုင်းပြီး ဓာတ်ပုံရိုက်ဖို့ ခေါင်းကို မော့ခိုင်းတယ်။ အဲလိုခိုင်းတဲ့အချိန်မှာ ကျွန်တော့်ကို လက်ပြန်ကြိုးတုပ်ထားတယ်။ ကျွန်တော့်ကို ရဲစခန်းမှာ ခဏလောက်ထားထားတယ်၊ ပြီးတော့ စစ်ကြောရေးနေရာကို မျက်လုံးအဝတ်စည်းလျက်နဲ့ပဲ ခေါ်သွားကြတယ် … နောက် ကျွန်တော့်ကို မျက်လုံးအဝတ်စည်းထားပြီး လက်ပြန်ကြိုးတုပ်လျက်သား ဒူးထောက်ခိုင်းထားတယ်၊ နာရီပေါင်းများစွာ စစ်ဆေးတဲ့အကြိမ်တိုင်း အဲ့ဒီအနေအထားနဲ့ နေရတယ်။”
လွတ်မြောက်လာပြီးနောက် ရန်ကုန်မြို့ပြင်တွင် နေထိုင်သော ရှေ့နေတစ်ဦးမှ ၂၀၂၃၊ ဧပြီလတွင်
HRW ကို ပြောပြခဲ့သည်။
“တရားရုံးမှာ အမှန်အတိုင်းပြောရမှာထက် ကိုယ်တိုင် အဖမ်းခံရမှာကို အခု ပိုစိုးရိမ်နေရတယ်။ အထူးသဖြင့် နိုင်ငံရေးအမှုတွေကို ကိုယ်စားပြုရတဲ့အခါမှာပေါ့။ တရားရုံးမှာရှိတဲ့လူတိုင်းက ကျနော်ဘယ်သူလဲဆိုတာ သိတယ်၊ ပြီးတော့ ကျနော့်ရဲ့ အထောက်အထားတွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ အားလုံး တရားရုံးမှာ ရှိတယ်။ စစ်ကောင်စီကလည်း ကျနော့်ကို အချိန်မရွေး ဖမ်းဆီးလိုက်နိုင်တယ်၊ ကျနော့်ကို ဖမ်းဖို့ သူတို့ အကြောင်းပြချက်တွေ လုပ်ကြံဖန်တီးမှာပဲ။”
သူမအား စစ်ကောင်စီမှ ဖမ်းဝရမ်းထုတ်လိုက်ပြီးနောက် ထွက်ပြေးပုန်းရှောင်နေစဉ် ၂၀၂၃၊ ဖေဖေါ်ဝါရီလတွင် HRW သို့ ပြောကြားခဲ့သည်။